dcsimg

သော်ကပင် ( Burmese )

provided by wikipedia emerging languages

သော်ကပင်

 src=
Amherstia nobilis

မြန်မာနိုင်ငံ၌ မူလစတင် ပေါက်ရောက်သော သစ်ပင်များအနက် သော်ကပင်သည် တစ်မျိုးအားဖြင့်ပါဝင်သည်။ အပူပိုင်းဒေသပေါက် အပွင့်ပွင့်သောသစ်ပင်များအနက် အပွင့်ပွင့်ပုံ ထူးခြားလှ ခန့်ညားသဖြင့် သစ်ပင်အလှဘုရင်မ အဖြစ်ပင် တင်စားခဲ့ကြသည်။ ရုက္ခဗေဒအမည်အားဖြင့် အမ်းမှတ်စရှား နိုဗိလစ်(Amherstia nobilis)ဟုခေါ်သည်။ ထိုသစ်ပင်ကို နိုင်ငံခြားသား ရုက္ခဗေဒပညာရှင်တစ်ဦးက သံလွင် မြစ်ကမ်းရိုး၌ စတင်တွေ့ရှိခဲ့ရာ ဗြိတိသျှအစိုးရတို့ မြန်မာနိုင်ငံကို အုပ်ချုပ်သည့်ခေတ်ဦးပိုင်းက အိန္ဒိယနိုင်ငံ၏ ဘုရင်ခံချုပ်ဖြစ်သော လေ့အမ်းမှတ်၏ ဇနီးလေဒီအမ်းမှတ်ကိုဂုဏ်ပြုသောအားဖြင့် ထိုအမည်တပ်ခဲ့ခြင်းဖြစ်လေသည်။

ငုစွယ်တော်စသည်တို့နှင့် မျိုးရင်းတူဖြစ်၍ သော်ကပင်သည် ဆက်ဇယ်ပင်နီယေးစီအီး(Caesalpiniaceae; ယခုအခါတွင် Fabaceae)မျိုး ရင်းတွင် ပါဝင်သည်။ ယင်းကိုသော်ကကြီးပင်ဟုလည်း ခေါ်သည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် သော်ကပင်ကို ပန်းသုန်းပင်ဟုလည်း ခေါ်ကြောင်းပြသည်။ ထိုကျမ်း၏အဆိုအရ သော်ကဟူသောဝေါဟာရသည် အသောကပါဌ်တွင် အ အက္ခရာကျေ၍ သောကဟုခေါ်ဝေါ်ရာမှ သော်ကဟု တွင်လာသည်။ အသောက၏ အဓိပ္ပါယ်သည် စိုးရိမ်ကြောင့်ကျ မှုကို ဖျောက်တတ်သည်ဟု အဓိပ္ပါယ်ရလေသည်။

သော်ကပင်သည် စိုစွတ်သောရာသီဥတုရှိသည့် မြေပြန့်ဒေသမျိုး၌ ဖြစ်ထွန်းသည်။ ထိုအပင်တို့ ပေါက်ရောက်နိ်ုင်သော မြေပြင်အမြင့်ဆုံးသည်ပေ ၁၆ဝဝဖြစ်သည်။ ပင်လယ်နှင့်နီးစပ်သော ဒေသမျိုး၌ ကောင်းစွာမဖြစ်ထွန်းချေ။ မြန်မာနိ်ုင်ငံတွင် အထူးသဖြင့် တနင်္သာရီတိုင်းနှင့်ကော်သူးလေပြည်နယ် ယွန်းစလင်း မြစ်ဝှမ်းဒေသတို့၌ အများအပြားပေါက်ရောက်သည်။ ၁၈၆ဝ ပြည့်နှစ်တွင် သီဟိုဠ်ကျွန်းသို့ မျိုးယူ၍စိုက်ပျိုးခဲ့ရာ အောင်မြင်သည်။

သော်ကပင်သည် အလတ်စားသစ်ပင်မျိုးဖြစ်၍ ပေ ၅ဝမှ ၆ဝအထိမြင့်သည်။ ဆဲ့နှစ်ရာသီစိမ်း စိုနေလျက်ထိပ်ဝန်းသော ရွက်အုပ်ရှိသည်။ အကိုင်းအခက်များသည် သေးသွယ်သည်။ အရင်းဝိုင်း၍ အဖျားချွန်သော အစိမ်းရင့်ရောင်ရှည်လျားလျား အရွက်ဖားဖားများသည် ငှက်မွေးပုံသဏ္ဌာန်ထွက်သည်။ အညိုရောင်ရွက်နုများ ထူထပ်သိပ်သည်းစွာ ပါရှိသော အကိုင်းနုအခက်နုများ တွဲလျားကျ၍ထွက်ပုံသည် သော်ကပင်၏ ထူးခြားချက်တစ်ရပ်ဖြစ်လေသည်။ မိုးရာသီမှလွဲ၍ တစ်နှစ်ပတ်လုံးအပွင့်ပွင့်သည်။ သီဟိုဠ်ကျွန်း၌မူနိုဝင်ဘာလမှ ဧပြီလအထိပွင့်သည်။ စိမ်းလန်း ဝေဆာနေသော အကိုင်းအခက်အရွက်များကို နောက်ခံပြုလျက် ဟင်္သာပြဒါးနှင့်အဝါ ရောင်နှောသော ပန်းခိုင်များသည် ပန်းဆိုင်း ပန်းခြင်းများဆွဲထားသည့်နှယ် တွဲလောင်းကျလျက်ရွက် အုပ်၏ ကြိုးကြားနေရာများမှ ပေါ်ထွက်ဖူးပွင့်နေပုံသည် ရှုမငြီးဖွယ်ရာ ဖြစ်ပေသည်။ ယင်းသို့သော တင့်တယ်ခန့်ညားသည့် အသရေကိုဆောင်သဖြင့်လည်း မြန်မာသီချင်းကြီးများတွင် သော်ကပန်းသည် နတ်ပန်းတမျှလှပသည်ဟူ၍ လည်းကောင်း၊ ရွှေပန်းခိုင်ကဲ့သို့ လှပသောအသွေးအရောင် အဆင်းသဏ္ဌာန် ရှိသဖြင့် သောကရွှေနှုန်းဟူ၍လည်းကောင်း တင်စားဖွဲ့နွဲ့ခဲ့ကြ လေသည်။

 src=
Saraca indica

ထိုသော်ကပင်မျိုးတို့သည် အသီးတောင့်သီး၍ အသီးတောင့်တို့သည် ခြောက်လက်မအထိရှည်သည်။ အသီးတောင့်အတွင်း၌ ခပ်ပြားပြားအစေ့၊ တစ်စေ့မှ သုံးစေ့အထိပါရှိတတ်သည်။ ထိုအစေ့များကို မိုးရာသီတွင် အိုးများခြင်းများဖြင့်ပျိုးကြသော်လည်း များသောအားဖြင့် မျိုးမအောင်ကြချေ။ မျိုးရလိုလျှင် မြေပြင်နှင့်နီးသော အကိုင်း တစ်ကိုင်းကိုမြေ၌မြုပ်၍ ပျိုးသောမြေဖိနည်းစံနစ်ကို အသုံးပြုခြင်းသည် ပို၍စိတ်ချရသည်။ ထိုစံနစ်ဖြင့် နွေရာသီ၌ ပျိုးထားလျှင် မိုးရာသီတွင် အကိုင်းဖြတ်၍စိုက်နိ်ုင်လေသည်။ သော်ကကလေး၊ သို့မဟုတ် ကုလားသော်ကဟု ခေါ်သောသော်က တစ်မျိုးရှိသေးသည်။ ဟိန္ဒူလူမျိုးတို့ အမြတ်တနိုးထား၍ အသောကပင်(ဟင်ဒီ: अशोक वृक्ष; aśoka vr̥kṣa)ဟုလည်း ခေါ်ကြသည်။ အထက်ဖေါ်ပြပါ မြန်မာသော်ကနှင့်မျိုးရင်း တူသော်လည်း အပင်မှာ မြန်မာသော်ကလောက်မမြင့်ချေ။ ဆာရာကာ မျိုးခွဲဝင်ဖြစ်၍ ရုက္ခဗေဒအမည် ဖြင့်ဆာရာကာအင်ဒိကာ(Saraca indica)ဟု ခေါ်သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်သီဟိုဠ်ကျွန်းတို့၌ မူလစတင်ပေါက်ရောက်သည်။ အရွက်ထွက်ပုံသည်လည်းကောင်း၊ အရွက်များ၏ ပုံပန်းသဏ္ဌာန်သည်လည်းကောင်း၊ မြန်မာသော်ကနှင့် ဆင်ဆင်တူသည်။ သို့သော်တွဲလျား ကျနေသောအကိုင်းနု အခက်နုရှည်များမှ ပြွတ်သိပ်ထူထပ်စွာ ထွက်သောရွက်နုများ၏ အရောင်သည်မြန်မာသော်က အရွက်နု အရောင်နှင့်မတူဘဲ ဖြူမွဲမွဲအရောင်မျိုးဖြစ်လေသည်။ ဘေးသို့ပြန့်ကား၍ ထွက်သောအကိုင်းအခက်များမှ အနံ့မွှေး၍ အညှာမဲ့ပန်းများသည်ပုဏ္ဍရိတ် ပန်းခိုင်ကဲ့သို့ အဆုပ်အခဲထွက်၍ပွင့်ကြသည်။ ယင်းတို့သည် ပွင့်စတွင် အဝါရောင်၊ ထိုနောက်လိမ်မော်ရောင်၊ ထိုမှအနီရောင်သို့ အရောင်ပြောင်းသွားသည်။ အသီးတောင့်အနည်းငယ်သီး၍ ထိုအသီးတောင့်မှ အစေ့ကိုပျိုးခြင်းဖြင့် မျိုးပွားယူနိုင်လေသည်။

ထိုသော်ကမျိုးသည်စိုစွတ်သောဒေသ၊ မိုးပါးသော ဒေသများ၌ စိုက်ပျိုးရနိုင်သော်လည်း လောင်းရိပ်ရသော နေရာမျိုး၊ အထူးသဖြင့် ရေနားနီးနီးနေရာမျိုး၌သာလျှင် ကောင်းစွာဖြစ်ထွန်းလေသည်။ မြန်မာနိုင်ငံစိုစွတ်သော ဒေသများ၌ခြံဝင်းများ၊ ဘုန်းကြီးကျောင်းဝင်းများတွင် အလှစိုက်လေ့ရှိကြသည်။ ကသာမိုးကုတ်မြစ်ကြီးနားနယ်တို့တွင် ကချင်ဘာသာဖြင့် ဒေါင်သရိုင်းဟုခေါ်သော သော်ကဖို အမည်ရှိ အပင်မျိုးရှိသေးသည်။ ထိုအပင်မျိုးသည်ဆက်ပင်ဒေစီအီး(Sapindaceae) မျိုးရင်း၌ ပါဝင်၍ရုက္ခဗေဒအမည်ဖြင့် ပါရာနီဖီလီယမ်ဟဟ်စတြစ်(Paranephelium hystrix) ဟုခေါ်လေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ