တစ်နှစ်အတွင်း ခြင်မတစ်ကောင်မှ ခြင်ကောင်ရေ သန်းပေါင်း ၁၅၉,၈၅၇ထောင် ပေါက်ဖွားနိုင်သည်။ အေးဒီးစ်ခြင် (ခေါ်)ပုန်းခြင်ကျား အမကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ အနိုဖလိခြင်မကြောင့် ငှက်ဖျားရောဂါ ၊ အသားဝါရောဂါ ၊ ဘေလုံးကြီးရောဂါများ၊ ကျူးလက်ခြင်မကြောင့် ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါများ ဖြစ်ပွားနိုင်သည်။
ခြင်မနှင့် ခြင်ထီးတွင် ခြင်ထီးက ပန်းဝတ်ရည်ကိုသာ စုပ်ယူသည်။ ခြင်မကမူ ပန်းဝတ်ရည်ကိုစွမ်းအင်အဖြစ် အသုံးချရန် စုပ်ယူပြီးသွေးကိုမူဥများအကောင်ပေါက်ရန်လိုအပ်သည့်ပရိုတိန်းဓာတ် ရရှိရန် စုပ်ယူသည်။ ခြင်မသည် သွေးကို လူထံမှသာစုပ်ယူခြင်းမဟုတ်ပါ။ ဆင်၊ ကြွက် စသောတိရစ္ဆာန်များမှလည်းစုပ်ယူသည်။ နယူးဂျာစီရှိ ခြင်တစ်မျိုးသည် လိပ်ခွံကိုဖောက်၍ပင် သွေးစုပ်သည်။ အာဖရိကတိုက်ရှိ ခြင်တစ်မျိုးမှာမူပုရွက်ဆိတ်ထံမှ ပျားရည်ကဲ့သို့သောအချိုရည်ကိုစုပ်ယူကြသည်။
ခြင်များသွေးစုပ်သည့်အချိန်သည် တစ်ကောင်နှင့် တစ်ကောင် မတူညီကြပေ။ ခြင်အမျိုးအစားပေါင်း (၃၅၀၀) ကျော် ရှိသည့်အနက် အများစုသော ခြင်တို့သည် နေဝင်ချိန်နှင့် ညဘက်တွင် စုပ်ယူကြသည်။ ၎င်းတို့ သည် နေ့ဘက်တွင် အေးမြသောနေရာတွင် ခိုနားကြသည်။ အချို့သောခြင်များ (ဥပမာ - အာရှခြင်ကျား Asian tiger mosquito) သည် နေ့ဘက်တွင် အစာရှာကြသည်။
ခြင်သည် သူသွေးစုပ်မည့် သားကောင်ကိုရှာဖွေရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်တနောလ် (1-octen-3-ol)၊လက်တစ်အက်ဆစ် စသောအောဂဲနစ်ဓာတ်ပေါင်းများ၊ စိုထိုင်းမှု၊ အပူချိန်၊ လှုပ်ရှားမှုတို့ကိုခြေရာခံ၍ ရှာဖွေသည်။ ၎င်းသည် သားကောင်အနီးတွင် တဝီဝီမြည်ကာ ပျံသန်းလျက် ထိုသားကောင်၏ အနံ့၊ ကိုယ်ငွေ့တို့ကိုခံယူကြည့်သည်။ အနံ့နှင့် ကိုယ်ငွေ့ကိုအနီးကပ်လေ့လာပြီး နှစ်သက်မှသာသွေးစုပ်ရန်ပြင် သည်။ သားကောင်၏ ခန္ဓာကိုယ် ဓာတုဖွဲ့စည်းပုံကိုမူတည်ကာဆုံးဖြတ်ခြင်း ဖြစ်သည်။
ခြင်၏စုပ်တံသည် တစ်ချောင်းတည်းမဟုတ်ပေ။ အချောင်း (၆) ချောင်းကိုစုထားခြင်း ဖြစ်သည်။ mandible ဟုခေါ်သောစုပ်တံ နှစ်ခု၊ maxillae ဟုခေါ်သောစုပ်တံ နှစ်ခု၊ အာခံတွင်းနောက်ဘက်စုပ်တံ (hypopharynx) တစ်ခုနှင့် labrum ဟုခေါ်သောစုပ်တံတစ်ခုတို့ဖြစ်သည်။ ရေတံလျှောက်သဏ္ဌာန် အမြှေးပါးအိတ်တစ်ခုကထိုပြွန်တံများအလျားအဆုံးထိလုံခြုံအောင် ဖုံးအုပ်ထားလေသည်။ နောက်ဆုံးတွင် ထိုအမြှေးပါးအိတ်နှင့် ကပ်လျက်ရှိသောညှပ်တစ်ခုကထိုပြွန်ချောင်းခြောက်ခုကိုစု၍ အထုပ်သဖွယ် ဆုပ်ညှပ်ထားသည်။ ဤကိရိယာတို့ဖြင့် ခြင်သည် သွေးစုပ်လေသည်။
ခြင်သည် သွေးစုပ်သောအခါ ၎င်း၏ ပြွန်ချောင်းခြောက်ခုလုံးကိုသားကောင်၏ အသားအတွင်းသို့ ထိုးသွင်းလိုက်၏။ ထိုပြွန်ချောင်းများသည် ဆံချည်မျှင် သွေးကြောများထဲသို့ စိုက်ဝင်သွားသည်။ ထို့နောက် ခြင်သည် တံတွေးပြွန်မှတစ်ဆင့် တံတွေးထွေးချလိုက်သည်။ ထိုတံတွေးသည် သွေးမခဲအောင် ပြုလုပ်ပေးသည်။ သွေးစုပ်ရာတွင် ချောချောမောမောစုပ်ယူနိုင်ရန်လည်းကူညီပေးသည်။ ပြီးနောက် သွေးကို ပြွန်ချောင်းအကြီးမှတစ်ဆင့် စုပ်ယူလေသည်။
ခြင်စုပ်ယူသောသွေးသည် အလွန်ပင် နည်းသည်။ ၎င်းသွေး၏ ၁၅ဆ/ ၂၀ဆ မှသာမျက်စဉ်းစုပ်တံမှ ညှစ်ချလိုက်သောမျက်စဉ်းတစ်စက်နှင့် ညီမျှသည်။ သွေးစုပ်ပြီးနောက် ယားယံသော ဝေဒနာကို ခံစားရခြင်းမှာအရေပြားအောက်တွင် ကျန်ရစ်ခဲ့သောတံတွေးကြောင့် ဖြစ်သည်။
ခြင်သည် လိင်ရှိမျိုးပွားနည်း (sexual reproduction) ဖြင့် မျိုးပွားသည်။ ခြင်မသည် သွေးမစုပ်မီ ၎င်း၏ တောင်ပံခတ်သံနှင့် ခြင်ဖိုတစ်ကောင်အား သွေးဆောင်ကာမိတ်လိုက်သည်။ တစ်ကြိမ်ဆက်ဆံပြီးရုံနှင့် သက်တမ်းတစ်လျှောက်လုံးဥဥနိုင်သည်။
ခြင်အားလုံးသည် ဥ၊ ပိုးလောင်း (larva)၊ပိုးရုပ်ဖုံး (pupa)၊ အရွယ်ရောက်ခြင်ကောင် (adult or imago) ဟူသော ဘဝအဆင့်လေးဆင့်ကို ဖြတ်ကျော်ရသည်။ ခြင်ဥအားလုံးသည် ရေလိုအပ်သည်။ ဥမှ အရွယ် ရောက်သည်အထိ ကြာချိန်သည် မျိုးစိတ် (species) အပေါ်မူတည်၍ ကွဲပြားကြသည်။ ထို့ပြင် ပတ်ဝန်းကျင် အပူချိန်ပေါ်တွင်လည်းမူတည်သည်။ အချို့သောမျိုးစိတ်များသည် ဥမှ အရွယ်ရောက် ခြင်ကောင် ဖြစ်သည်အထိ ၅ရက်အတွင်း ဖွံ့ဖြိုးကြသည်။ အပူပိုင်းဒေသရှိ ခြင်အများစုမှာ ရက်၄၀ သို့မဟုတ် ထို့ထက် ပိုကြာသည့် အချိန်အတွင်းဖွံ့ဖြိုးကြသည်။
မြစ်ရေချောင်းရေတွင် ဥထားသောဥများသည် ရေကျပြီးခြောက်သွေ့သွားသော်လည်းမပျက်စီးပေ။ ငါးနှစ်အထိခံသည်။ ရေပြန်တက်လာလျှင် ထိုဥမှ အကောင်ပေါက်ကြလေသည်။ ထို့ကြောင့် မိုးရာသီတွင် ခြင် အလွန်ပေါခြင်း ဖြစ်သည်။
အနောဖိလစ်ဟုခေါ်သည့် ငှက်ဖျားရောဂါကို ဖြစ်ပွားစေသော ခြင်သည် ကြောက်စရာအကောင်းဆုံး ခြင်အဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စာအုပ်ကြီး၌ ဖော်ပြထားသည်။ ထိုခြင်ကြောင့် ကျောက်ခေတ်မှ ယနေ့ခေတ်အထိ လူ ၁၀၀-လျှင် အယောက် ၅၀-ခန့်သည် ငှက်ဖျားရောဂါဖြင့် သေဆုံးနေရသည်။ အာဖရိကရှိ ဆာဟာရဆင်ခြေဖုံး အရပ်ဒေသများတွင်မူ တနှစ်လျှင် ၁.၄ သန်းမှ ၂.၈-သန်းအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနေကြသည်။
ယင်းအာဖရိကနိုင်ငံများအတွက် ငှက်ဖျားရောဂါကုသစရိတ်အဖြစ် တနှစ်လျှင် ဒေါ်လာ ၁၂-ဘီလျံဖိုးခန့် သုံးစွဲနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ခြင်သည် လူသားနှင့်တကွ သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသောသက်ရောက်မှု ရှိသည်။ ခြင်ထီးများသည် ပန်းဝတ်ရည်ကို စုပ်ယူစားသုံးခြင်းဖြင့် အပင်များမျိုးပွားနိုင်အောင် ကူညီသည်။
လူသားတို့အပေါ် ခြင်၏ သက်ရောက်မှုသည်လည်း ကြီးမားသည်။ ခေတ်အဆက်ဆက်ပင် ခြင် များသည် လူများအတွက် သာမန်အနှောင့်အယှက် ဖြစ်စေရုံသာမက သေစေနိုင်သော ရောဂါပိုးများကိုလည်း ကူးစက်ပျံ့နှံ့စေသည်။ ခြင်မှတစ်ဆင့် ကူးစက်သောရောဂါများမှာအောက်ပါတို့ ဖြစ်ကြသည်။
တစ်နှစ်အတွင်း ခြင်မတစ်ကောင်မှ ခြင်ကောင်ရေ သန်းပေါင်း ၁၅၉,၈၅၇ထောင် ပေါက်ဖွားနိုင်သည်။ အေးဒီးစ်ခြင် (ခေါ်)ပုန်းခြင်ကျား အမကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ အနိုဖလိခြင်မကြောင့် ငှက်ဖျားရောဂါ ၊ အသားဝါရောဂါ ၊ ဘေလုံးကြီးရောဂါများ၊ ကျူးလက်ခြင်မကြောင့် ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါများ ဖြစ်ပွားနိုင်သည်။